16 July 2022

 

Picture source: rvcj.com (RVCJ Media, India)

အိမ်ဦးနတ်တို့ ညီစေနော်

ဟေး .. သူငယ်ချင်း ... ငါတို့ဒီမှာကွ... မင်းတို့ကို လာကြိုတာ။ လာ .. လာ .. ဒီဘက်ဘေးကိုကပ်ခဲ့ကြ။ မင်းတို့နဲ့အတူလေယာဉ်ဆင်းလာတဲ့ တခြားလူတွေကို လမ်းဖယ်ပေးရအောင်။ အာဟား .. ဒါလေးတွေက မင့်ကလေးတွေပေါ့ .. ဟုတ်လား။ သားတို့ သမီးတို့ .. အားလုံးနေကောင်းကြတယ်နော်။ အေးကွာ .. ဒို့ချင်း အဆက်အသွယ်ပြတ်တာ နှစ်ပေါင်းကြာလှပေါ့။ ကိုင်း .. အရေးအကြီးဆုံး တရားဝင်အလုပ်ကို စလိုက်ကြရအောင်။ မင်းတို့ နော်ဝေကိုရောက်ခါစမှာ အစစအရာရာတာဝန်ယူမှာက သူပဲ။ အော်စလိုမြို့မှာ မင်းတို့နေရမယ့် ယာယီစခန်းဖြစ်တဲ့ စုပေါင်းတိုက်ခန်းအိမ်ယာ (condominium) က တာဝန်ခံ ကာရီ နူ့ရ်ဒ်မားန် ၊ Hei, Kari Nordmann, dette er familien xxxx (ဟိုင်း.. ကာရီ နူ့ရ်ဒ်မားန် .. ဒါက ×××× မိသားစုပါ)။

"... ..."

နော်ဝေနိုင်ငံက လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်... သာယာချမ်းမြေ့တဲ့ ဘဝတခုနဲ့ အခြေချနေထိုင်နိုင်လိမ့် မယ် လို့ မျှောင်လင့်ပါတယ် .. တဲ့ ..

"... ..."

တော်တော်ခရီးပန်းလာသလား ... တဲ့ ..

"... ..."

ခရီးမဆက်ခင် အပေါ့အပါးသွားချင်သေးလား၊ ကလေးတွေများ သိပ်ဆာနေကြပြီလား ... တဲ့ ..

"... ..."

ကားဆက်စီးနိုင်ရဲ့လား ... တဲ့ ..

"... ..."

အေးကွ ... လေဆိပ်နဲ့ အော်စလိုမြို့နဲ့က ကားနဲ့ မိနစ် ၄ဝ လောက် မောင်းရဦးမယ်။ လမ်းမှာ စကားပြောချိန် ကောင်းကောင်းရပါတယ်။ နောက်လည်းတွေ့ကြဦးမှာပဲ။ ဒီရောက်လာပြီဆိုမှတော့ အေးအေးဆေးဆေးပေါ့ကွာ ..

"... ..."

အာဟား.. မင်းတို့မိသားစုလာမယ်ဆိုတာသိလို့ ငါလာကြိုတာမဟုတ်ဘူးကွ။ တိုက်ဆိုင်လာလို့ တွေ့ကြရတာ။ မင်းတို့ကိုလာကြိုရင် အဆင်ပြေအောင် သူတို့က စကားပြန်တယောက်ကို မှာထားပြီးသား။ ဒါပေမယ့် စကားပြန်က ကောက်ကာငင်ကာ နေမကောင်းလို့မလာနိုင်တော့ သူတို့ဘယ်လိုလုပ်ရမယ်မှန်းမသိဖြစ်နေတုန်း ငါက အလည်အပတ်ဝင်သွားချိန်နဲ့ကြုံလို့ စေတနာ့ဝန်ထမ်း ကူညီပေးဖို့လိုက်လာခဲ့တာ။ ဘာသာစကားချင်းလုံးဝမတူတော့ ရောက်ရောက်ချင်းအဆင်ပြေဖို့က စကားပြန်ပါမှဖြစ်တာကွ။ ငါက နော်ဝေရောက်တာ သုံးနှစ်လောက်ရှိနေပြီလေ ... ထမင်းစားရေသောက်လောက်တော့ ကောင်းကောင်းရနေပြီပေါ့ကွာ။ 

ကဲ .. အဲဒါ သူတို့ရဲ့ ရုံးကား။ ကားပေါ်တက်ကြကွာ။  

ဘယ်သူဘယ်ဝါကိုကြိုကြမယ်ဆိုတာ ငါမသိဘူး။ လေဆိပ်ရောက်မှ နာမည်ပြောပြလို့ မင်းတို့မိသားစုမှန်း ငါသိလိုက်တာ။ မင်းကတော့ လုံးဝနီးပါး ရုပ်ပြောင်းမသွားဘူး။ မတွေ့ကြရတာ ၁ဝ နှစ်လောက်တောင်ရှိသွားပြီဆိုတော့ ရုပ်ရည်တွေ ၁ဝ နှစ်စာ ရင့်သွားတာ မဆန်းပါဘူးနော်။ ငါကတော့ မင့်အမြင်ပဲ။

"... ..."

ဟာကွာ.. သူ့ဖာသာပိန်ချင်လို့ပိန်ကျသွားတာပါ။ အချိန်ပြည့်မူးနေလို့ မဟုတ်ရပါဘူး။ ဒီနော်ဝေမှာဖြင့် အရက်ကဈေးကြီးလွန်းလို့ မူးဖို့ မစဉ်းစားရဲပါဘူး။ လုံးဝမသောက်ဖြစ်သလောက်ပါပဲ။ ဟိုး အရင်တုန်းကတော့ ဟုတ်တာပေါ့။ ထိုင်းနယ်စပ်မှာနေခဲ့တော့ ရတတ်သမျှ နိုင်ငံရေးလှုပ်ရှားမှုလေးတွေလုပ်ရင်း ဟိုအဖွဲ့ ဒီအဖွဲ့က ဘိတ်ပြီး ဆွေးနွေးပွဲလုပ်လိုက်၊ ဟိုမှာ ဆယ်မီနာ(seminar) တက်လိုက်၊ ဒီမှာ ကွန်ဖရန့်စ်(conference) တက်လိုက်၊ ဟိုကိစ္စ နှစ်ပတ်လည်နေ့လုပ်လိုက်၊ ဒီကိစ္စ အထိမ်းအမှတ်နေ့ကျင်းပလိုက်၊ နှုတ်ဆက်ပွဲလုပ်လိုက်နဲ့ ဆိုတော့ ပွဲတွေစိပ်လေ စိုပြေတဲ့ညစာစားပွဲ(wet dinner) လေးတွေများလေမဟုတ်လား။ ပွဲမရှိတဲ့နေ့တွေဆိုလည်း အရှိန်လေးကောင်းနေတော့ 'နေကျရင် လေထ' လာတတ်တာမို့ .. ဟဲ ဟဲ .. အပေါင်းအသင်းနဲ့ မကြုံကြုံအောင် တယောက်ကိုတယောက် လိုက်ရှာပြီး အသက်ရှည်ဆေးမှီဝဲကြရတာပေါ့။ အဲဒီတုန်းက ညနေစောင်းပလားဆိုရင် မိန်းမကတောင် - ညစာ ထမင်းထည့်ချက်ရမှာလား ..လို့ မေးယူရတဲ့အထိပါပဲ။ ကြာတော့လည်း မေးခွန်းချင်းသာတူတယ် လေသံကျတော့ တဖြည်းဖြည်းတင်း.တင်းလာတော့တာပေါ့။

"... ..."

ဘယ်ကလာ .. စကားချိုချို လေသံမပွင့်တပွင့်ဟုတ်တော့မလဲ။ ငါ့မိန်းမက အရင်နဲ့ တစက်ကလေးမှ မတူတော့ဘူး။ အရင်ကဆို ယောကျ်ားကပြောရင် တခွန်းမှခံပြောရဲတာမဟုတ်ဘူး။ သားကိုဘုရင် လင်ကိုဘုရားလို ကိုးကွယ်တဲ့ မြန်မာအိမ်ရှင်မတယောက်ဆိုတာ တောထဲမှာ အတူနေခဲ့ကြတုန်းက မင်းတို့မျက်မြင်ပဲလေ။ အေးတိအေးစက်ပဲနေတတ်တာ။ ဒါပေမယ့် ထိုင်းနယ်စပ်မှာ ကြပ်တည်းဆင်းရဲပြီး ရင်တထိတ်ထိတ် စိတ်တထင့်ထင့် ရှင်သန်ခဲ့ရလို့ ဘဝဒဿနတွေပြောင်းလဲသွားပုံများ ငါတောင် လုံးဝဖျားသွားတယ်။ ငါသတိထားမိတဲ့အချိန်မှာ နောက်ကျသွားပြီကွ။ ငါ့အပြစ်လည်းပါပါတယ်။ ကိုယ့်အပေါင်းအသင်းလေးနဲ့ကိုယ် အာရုံကျရာ နိုင်ငံရေးပဲ ဦးစားပေးလုပ်နေရတာကို အကြောင်းပြပြီး မိသားစုအပေါ် အိမ်ဦးနတ်အဖြစ်နဲ့ နေရာတကာမင်းမူခဲ့တာကိုးကွ။ တော်ရုံတန်ရုံကိစ္စမှာ ကိုယ်ကမဟုတ်လို့ သူက အပြုသဘောနဲ့ပြောလာရင်တောင် လေသံတင်းတင်းနဲ့ပြန်ငေါက်ရင်း ကိုယ့်အပြစ်ကိုဖုံးကွယ်ပြီး အထက်စီးနဲ့ နေရာယူခဲ့တာကိုး သူငယ်ချင်းရ။ ဟဲဟဲ.. ဒို့ရဲ့ စစ်အစိုးရကြီးတွေ လုပ်နေကျနည်းအတိုင်းပေါ့ကွာ။ ဒါပေမယ့် အိမ်ဦးနတ်ကို လွန်ဆန်လေ့မရှိတဲ့ ဒို့မြန်မာမိသားစုတွေရဲ့ အစဉ်အလာကိုတော့ ယောကျ်ားတယောက်ဖြစ်တဲ့ ငါက ဘယ်လိုမှလက်လွတ်မခံချင်ဘူးလေ။ ဒါကြောင့် ယောကျ်ားဗျူဟာနဲ့ ကြမ်းမလို့စမ်းကြည့်လိုက်မိပါတယ် ... ...

"... ..."

မရဘူးသူငယ်ချင်းရေ ... ပိုဆိုးသွားတယ်ကွ။ တကယ်မလုပ်ချင်ပေမယ့် - မိန်းမနော် ... ငါ ထရိုက်မိတော့မယ် လို့ ကြိမ်းလိုက်မိပါတယ်၊ ဘယ်လိုပြန်ပြောတယ်မှတ်သလဲ။ ရိုက်ရဲရိုက်ကြည့်ပါလား .. မြန်မာအမျိုးသမီးရေးရာရုံးကို ကျမသွားတိုင်လိုက်မယ် .. တဲ့။ အမျိုးသမီးတယောက်အပေါ် အိမ်တွင်းအကြမ်းဖက်မှုနဲ့ ရှင့်ကို စစ်အစိုးရနဲ့တန်းတူထားပြီး ရှုံ့ချလိုက်ရင် ရှင့်အဖွဲ့အစည်းရဲ့ လူကြီးအဖြစ်ကနေ ချက်ချင်းရာထူးလျှောသွားမယ် .. နားလည်လား .. တဲ့။ နယ်စပ်က နိုင်ငံရေးအသိုင်းအဝိုင်းဆိုတာ မင်းသိတဲ့အတိုင်း ကျဉ်းကျဉ်းလေးမဟုတ်လား။ အရှက်ကွဲခံလို့ ဘယ်ဖြစ်မလဲ။ ငါ့မှာ မလှုပ်ရဲတော့ဘူး မောင်။

"... ..."

အားကိုရှိလို့ပေါ့ကွာ။ တခြားအဖွဲ့အစည်းက အမျိူးသမီးတွေနဲ့ လူမှုရေးအရရင်းနှီးရာကနေ သူတို့လှုပ်ရှားသမျှကိုကြားလို့ မျက်စိပွင့်နားပွင့်ပြီးအခုလို အိမ်ဦးနတ်တော်လှန်ရေးလုပ်လာတော့တာပါပဲ။ ပိုဆိုးတာက သူအမြဲတမ်းသွားလည်တဲ့ရုံးက အမျိုးသမီးရေးရာ NGO အဖွဲ့ခေါင်းဆောင် အမေရိကန်သူက အိမ်ထောင်သုံးဆက်လောက်ကွဲခဲ့ပြီး ယောကျ်ားတွေကို လုံးဝအကောင်းမမြင်တဲ့မိန်းမစားမျိုး။ မြန်မာတွေရဲ့အစဉ်အလာ ဘယ်လိုရှိရှိ.. ရာနှုန်းပြည့် ကျား-မ တန်းတူအခွင့်အရေး ချက်ချင်းရကိုရရမယ်ဆိုတဲ့ တယူသန်ကြီးကွ။ သူနဲ့ နှစ်ခေါက်သုံးခေါက်လောက်တွေ့ပြီးကတည်းက ငါ့မိန်းမ ဒီလိုပြောင်းလဲလာခဲ့တာပဲ။ တိုက်ဆိုင်ချင်တော့ အဲဒီရုံးတရုံးလုံးမှာက အိမ်ထောင်ကံဆိုးခဲ့ကြတဲ့ တခုလပ်နဲ့မုဆိုးမတွေချည့်ပဲ အလုပ်လုပ်ကြတာဆိုတော့... သွားရောပေါ့ကွာ။ အိမ်ထောင့်ဦးစီးဆိုတာ စာရင်းထဲမှာ ဘယ်ရှိတော့မလဲ။

"... ..."

သူတို့ရုံးတွေနဲ့ဝေးတဲ့ နော်ဝေရောက်လာတော့လည်း ဒီအတိုင်းပါပဲကွာ။ နော်ဝေမှာက မိန်းမတွေကို နေရာတိုင်းမှာ တန်းတူထားဆက်ဆံရမယ်ဆိုတဲ့ပြဋ္ဌာန်းချက်ရှိတယ်ကွ။ လူထုအကြိုက်ရွေးကောက်တင်မြှောက်လိုက်လို့ တက်လာတဲ့ကိုယ်စားလှယ်အစစ်တွေဖြစ်တာတောင် လွှတ်တော်ထဲမှာ အမျိုးသမီးကိုယ်စားလှယ် ၄ဝ ရာနှုန်းရှိရမယ်လို့ပြောထားလျက်နဲ့ လောလောလတ်လတ် ရွေးကောက်ပွဲအပြီးမှာ အမျိုးသမီးအမတ် ၄ဝ ရာနှုန်း ပြည့်အောင်တက်မလာဘူးဆိုပြီး မကျေမချမ်းပြောနေကြတယ်ကွ။ ပိုသိသာတာက ထီးနန်းအရိုက်အရာဆက်ခံမှုပဲ။ အရင်က ဘုရင်ကြီးရဲ့အရိုက်အရာကို အကြီးဆုံးသားကပဲ ဆက်ခံခွင့်ရှိခဲ့ရာက အခုဆို အကြီးဆုံးကသမီးဖြစ်နေရင် ဘုရင်မအဖြစ် နန်းတက်ခွင့်ရှိသွားပြီလေ။ ဒီလောက်အထိ ကျား-မ တန်းတူထားကြတာကွ။

"... ... "

အရပ်သားဖြစ်ဖြစ် မင်းစိုးရာဇာပဲဖြစ်ဖြစ်  နော်ဝေမှာတော့ ကိုယ့်မိန်းမကိုယ် တန်းတူထား လေးစားရမှာကွ။  လူလည်ကျချင်လို့မရဘူး။ မြန်မာပြည်တုန်းကလို ဟိန်းလို့ဟောက်လို့မရတော့ဘူး ငါ့ကောင်ရ။ ရိုက်ဖို့တော့ လုံးဝမတွေးနဲ့။ မိန်းမတွေ လင်မယားချင်းစိတ်ဆိုးလို့ အိမ်ကဆင်းသွားရင် တက်နေဖို့ အရေးပေါ်ခိုလှုံရေးအိမ် (Shelter/ Krisesenter) ဆိုတာ မြို့တိုင်းနယ်တိုင်းမှာ အဆင်သင့်ရှိနေလေတော့ ဘယ်မိန်းမကမှ ယောကျ်ားရဲ့ မာရေကြောရေဆက်ဆံမှုကို အောင့်အည်းသည်းခံနေစရာမလိုဘူးလေ။ မျှမျှတတဖြစ်အောင် အိမ်ထောင်ရေးမှာ အနိုင်ကျင့်ခံရတဲ့ယောကျ်ားတွေအတွက်လည်း ဒီလို ခိုလှုံရေးအိမ် ထားပေးပါတယ်။ ဒါပေမယ့် ကျား-မ အိမ်တွင်းအကြမ်းဖက်မှုခံရတဲ့နှုန်းချင်းမကွာလှတဲ့တိုင် ယောကျ်ားတွေက သိက္ခာကျခံပြီး သွားမနေတတ်ကြလို့ ယောကျ်ားခိုလှုံရေးအိမ်မှာ လူများများမရှိဘူး။ အိမ်ထောင်ရေး ကြားဝင်ညှိနှိုင်းရေးရုံး ကလည်း အားကိုးလို့မဖြစ်ဘူး။ စိတ်ဆိုးတဲ့မိန်းမ အိမ်ကိုပြန်လာအောင် ဒို့မြန်မာပြည်က ရပ်မိရပ်ဖတွေလို ပြန်ပေါင်းဖို့ ဖြန်ဖြေပေးလိမ့်မယ်လို့များ မထင်လိုက်နဲ့ .. ကွဲပြီးရင် ကလေးတာဝန်ကို ဘယ်လို တလှည့်စီ ခွဲယူကြမလဲဆိုတာ ကတိကဝတ်ပြုဖို့သက်သက် သူတို့ကခေါ်တွေ့ပေးတာ။ ကိုယ်ရိုက်မိလို့ ဆယ်ကျော်သက် သားသမီးက စိတ်ကောက်ပြီးဆင်းသွားရင်လည်း ခိုလှုံရေးအိမ်ကပဲ အရေးပေါ်လက်ခံထားတတ်တယ်။ ပေါက်စနလေးတွေမို့ လက်ဖဝါးနဲ့ ရိုက်ပြီးဆုံးမရင်တောင် ကျောင်းကဆရာဆရာမတွေသိရင် သက်ဆိုင်ရာကို ဥပဒေနဲ့ပြဋ္ဌာန်းထားတဲ့ ဝတ္တရားအတိုင်း ကလေးအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (Child welfare/ Barnevernet) နဲ့ ရဲကို အချိန်မဆိုင်းတိုင်တန်းတော့တာမို့ အဖေတွေ အမေတွေက ကိုယ့်ကလေးကိုယ် ရိုက်မိမှာတောင် ကြောက်ရတဲ့အနေအထားကွ။ ပြီးတော့ အိမ်မှာ ကလေးတွေရှေ့ အရက်သောက်ခွင့် လုံးဝမရှိဘူး။ သူတို့အိပ်သွားမှ သောက်ချင်သောက်။ မူးပြီးဆူမိပြန်ရင်လည်း ပြဿနာက ကြီးသွားပြန်ရော။

"... ..."

ဖြစ်ပါပကောလား။ မြန်မာပြည်နဲ့တော့ တခြားစီ။ ကလေးတွေရှေ့အရက်သောက်မိရင် တချိန်မဟုတ်တချိန် သူတို့ကျောင်းက ဆရာဆရာမတွေက တာဝန်အရ ကလေးစိတ်အခြေအနေသိရအောင် စကားစမြည်ပြောရင်း မေးမြန်းစပ်စုကြရင်း သိသွားမှာပဲလေ။ သူတို့သိရင် တာဝန်အရ ကလေးအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို လှမ်းတိုင်လိုက်ရောကွ။ အဲဒီဌာနကသိသွားရင် ဒီလိုလုပ်တာမသင့်တော်ပါဘူး၊ ဥပဒေအရခွင့်မပြုပါဘူးလို့ ခေါ်ပြောလိမ့်မယ်။ ဆိုးဆိုးရွားရွားဖြစ်ခဲ့ရင် ဒါမှမဟုတ် အမှတ်မရှိဘဲ နောက်ထပ်ခါထပ်ခါဖြစ်လာခဲ့ရင် ကလေးကိုအုပ်ထိန်းနိုင်လောက်အောင် ဆင်ခြင်တုံတရားမရှိတဲ့ မိဘတွေလို့ ကောက်ချက်ချပြီး ကလေးကိုသူတို့ပဲ နည်းမှန်လမ်းမှန်နဲ့ မွေးနိုင်မယ်ဆိုပြီး ရဲအကူအညီနဲ့ လာခေါ်သွားပြီး တခြားမှာ မွေးပါလိမ့်မယ်ဗျာ။ ကိုယ့်သားသမီးနဲ့ကိုယ် ဘာတွေဖြစ်နေနေ တကယ်တမ်းခွဲနေကြရမယ်ဆိုရင် ဘယ်မိဘမှစိတ်မချမ်းသာနိုင်တာ မင်းလည်းနားလည်ပါတယ်။ အေး... မင်းက အရက်လုံးဝမသောက်တတ်တော့ ဒီပြဿနာမျိုးတော့ ဖြစ်မှာမဟုတ်ဘူး။

"... ..."

အောင်မာ ... အရက်မသောက်တာနဲ့တင် ဒီအန္တရာယ်ကလုံးဝကင်းပြီလို့ထင်မထားနဲ့ဦး။ ကလေးသွန်သင်ဆုံးမရေးနဲ့ ပြုစုပျိုးထောင်ရေးမှာ မင်းတခုခုပေါ့လျော့မိရင် အရည်အချင်းမမီတဲ့မိဘမျိုးအဖြစ် သတ်မှတ်ပြီး ဥပဒေပြဋ္ဌာန်းချက်နဲ့အညီ သူတို့စံချိန်နဲ့မီအောင်ဆိုပြီး ကိုယ့်ကေလေးကို ခေါ်သွားပြီးပြုပြင်ပေးမှာနော်.. သူငယ်ချင်း။ ကလေးတွေကို တယုတယပွေ့ဖက်နှုတ်မဆက်တတ်တာမျိုး၊ ကလေးရဲ့မွေးနေ့မှာ အမှတ်တရတခုခုလုပ်မပေးမိတာမျိုး၊ ကိုယ့်ကလေးဝင်ကစားတဲ့ဘောလုံးအသင်း ပြိုင်ပွဲဝင်တာကို ကိုယ်ကလိုက်ပြီး အားမပေးမိတာမျိုး .. စသဖြင့် အသေးစိတ်လေးတွေကို နမော်နမဲ့ ကျော်လွှားသွားမိရင် အနုတ်လက္ခဏာပြသွားပြီ သူငယ်ချင်း။ နေ့ရောညပါ ရုန်းကန်ရှာဖွေနေခဲ့ကြရတဲ့ ဒို့ ဗမာတွေမှာ ဒါကို ဘယ်ဂရုစိုက်မိကြမလဲ။ အနုတ်လက္ခဏာများလာတာနဲ့အမျှ ကိုယ့်ကလေးကို သူတို့ကခေါ်ပြီး ပျိုးထောင်ဖို့ ပိုနီးစပ်လာပြီ။ ကိုယ့်ကလေး စိတ်ဆိုးအောင်လုပ်လို့မဖြစ်ဘူး။ နားထောင်.ထောင် မထောင်.ထောင် ချိုချိုသာသာပဲ စည်းကမ်းတကျပြောဆိုဆုံးမခွင့်ရှိတယ်။ ကြောက်အောင်လန့်အောင် ခြိမ်းခြောက်ပြန်တော့လည်း ကလေးကိုကြောက်စိတ်ဝင်အောင်လုပ်လို့ ရက်စက်တယ်ဆိုပြီး အမှတ်လျှော့ပြန်ရော။ ဒီတော့ ကိုယ့်သားသမီးအပေါ် ကိုယ်ကမတင်းရဲဘူး။ ကလေးကသာ တယောက်ယောက်ကို တိုင်လိုက်ရင် သေချာပေါက် စုံစမ်းစစ်ကြောခံရပြီသာမှတ်။ မိဘအပေါ်တခုခုမကျေနပ်ရင် 'ဖုန်းဆက်လိုက်ရမလား'လို့ ကလေးက ခြိမ်းခြောက်လေ့ရှိတာ ဒီနိုင်ငံမှာတော့သိပ်မဆန်းဘူး။

"... ..."

မရိုးသားတဲ့ကလေးတွေက လီဆယ်တိုင်တန်းလို့ မိဘတွေ စိတ်ဆင်းရဲကြရတာတွေ မရှားပါဘူး။ ဒါပေမယ့် ကလေးတွေကို ပကတိရိုးသားဖြူစင်တယ်လို့ တရားသေမှတ်ယူထားလေတော့ ကလေးတွေပြောသမျှ အမှန်ပဲဖြစ်ရတာပေါ့။ ဒီနိုင်ငံမှာက ကလေးတွေကို အနာဂတ်သားကောင်းတွေအဖြစ် တန်ဖိုးထားပြီး အထူးဂရုစိုက် ပျိုးထောင်ပေးကြတယ်။

"... ..."

ဘာပြောတယ် ... သူတို့အတွက်မပူရတော့လို့ စိတ်အေးလက်အေးနေတော့မယ် .. ဟုတ်လား။ နိုင်ငံရေး၊ စစ်ရေးနဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာပေါင်းများစွာထဲမှာ နှစ်ပေါင်းများစွာ စိတ်ရောကိုယ်ပါချုံးချုံးကျအောင် နွံနစ်ခဲ့ရလို့ ဒီနော်ဝေရောက်မှ အတိုးချပြီးအနားယူမယ် .. ဟုတ်လား။ လွဲနေပြီ သူငယ်ချင်း ... မင်းလွဲနေပြီ။

မိသားစုစားဝတ်နေရေးအတွက် အားကုန်ထုတ်ပြီး လုပ်ကိုင်ကျွေးမွေးရမယ့် ဘဝ ...

သောက်သောက်လဲများလှတဲ့ ကလေးဗာဟီရတွေကို မနိုင်မနင်း တကောက်ကောက်လိုက်လုပ်ပေးရမယ့်ဘဝ ...

ကိုယ့်ကလေးက ချိုချိုသာသာဆုံးမ.မရဘဲ မဟုတ်တာဆက်လုပ်ရင် ရိုက်နှက်ဆုံးမဖို့မဆိုထားနဲ့ ရွယ်ရုံနဲ့တောင် ကလေးကိုခေါ်သွားမှာကြောက်နေရတဲ့ဘဝ ...

ကိုယ့်မိန်းမကိုယ် အားနွဲ့သူမို့ ညှာတာရမယ့်ဘဝ ...

မိန်းမကစိတ်ဆိုးရင် အချိန်မရွေး အိမ်ကဆင်းသွားနိုင်လို့ စိုးရိမ်နေရတဲ့ဘဝ ...

ကိုယ့်အိမ်မှာတင် ဇရက်မင်းစည်းစိမ်လေးခံစားချင်တာတောင် လွတ်လွတ်လပ်လပ်မခံစားနိုင်တဲ့ဘဝ ... 

ဒါတွေ ဒါတွေကို အဖက်ဖက်က သတိထားရင်း အမြဲတမ်းကြောက်စိတ်ဝင်နေရတဲ့ ဒို့လို သနားစရာ့ အိမ်ထောင့်ဦးစီးယောကျ်ားသားတွေအတွက် လွတ်လွတ်လပ်လပ်လေးနေနိုင်အောင် အင်တိုက်အားတိုက် ရုန်းကန်ဖို့ အရေးတကြီးလိုနေပြီ .. သူငယ်ချင်း။ 

ဒို့ အိမ်ဦးနတ်တွေရဲ့ ကဏ္ဍကိုမြှင့်တင်ဖို့ တညီတညွတ်တည်း မနားတမ်းတိုက်ရမယ့် တိုက်ပွဲတပွဲကျန်သေးတယ် .. ကွ သူငယ်ချင်းရ ... တိုက်ပွဲတပွဲကျန်သေးတယ် ... သွပ် သွပ် သွပ် ... ... ။           

(၁၉.ဝ၆.၂ဝ၁၂ မြန်မာ့အမျိုးသမီးများနေ့ကို ကြိုဆိုလျက် ...)

ဝံသာထွန်း

No comments:

Post a Comment

OUR STANCE:- No masks are useful any longer, and then ... ကျွန်ုပ်တို့၏ ရပ်တည်ချက် - မျက်နှာဖုံးတွေစွပ်ပေမယ့် အလုပ်မဖြစ်တော့ဘူးဆိုတော့ကာ ......